ခိုင်ကမ်းမြို့၌ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစားအိမ်ထောင်စုများသို့ထောက်ပံ့ငွေပေးအပ်

ခိုင်ကမ်း နိုဝင်ဘာ ၁၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ရှိအမှတ်(၁၊၂၊၃၊၄)ရပ်ကွက်တို့တွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား များအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများကို ယနေ့ မွန်းလွဲ (၁၂)နာရီအချိန်တွင် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့အဆင့် တာဝန်ရှိဌာနဆိုင်ရာ အကြီးအကဲ တို့ကမိဘပြည်သူများလက်ဝယ်သို့သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခြင်းဖြစ်ပြီး ခိုင်ကမ်းမြို့တွင် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုမှာအမှတ်(၁)ရပ်ကွက်တွင် အိမ်ထောင်စု(၁၇၇)စု၊ အမှတ်(၂) ရပ်ကွက် တွင် အိမ်ထောင်စု(၅၇)စု၊ အမှတ်(၃)ရပ်ကွက်တွင် အိမ်ထောင်စု(၁၃၂)စုနှင့် အမှတ်(၄)ရပ်ကွက်တွင် အိမ်ထောင်စု(၇၁)စုတို့ဖြစ်ပြီး စုစုပေါင်း အိမ်ထောင်စု(၄၃၇)စုတို့အတွက် စုစုပေါင်းငွေကျပ် (၈၇၄၀၀၀၀/-ဝိ) ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝုန်လွန်းညောင်(ခိုင်ကမ်း)