ပလောက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းများ ကွင်းဆင်းဆောင်ရွက်

ပလောက် ဇွန် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သည့် ပတ်ဝန်းကျင်တွင်နေထိုင်နိုင်ရေး ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ ခြင်ကျား၊ ပိုးလောက်လန်းများ ခိုအောင်းမှုမရှိစေရေးအတွက် အဘိတ်ဆေးခတ်ခြင်း၊  ခြင်ခိုအောင်းနိုင်သည့်နေရာများ၊ မိုးရေနှင့် ရေဆိုး၊ ရေညစ်များမရှိစေရေး၊  ခြင်ကျား၊ လောက်လန်းကြောင့် ဖြစ်ပေါ်တတ်သောသွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါနှင့် ဂျပန်ဦးနှောက်ရောင်ရောဂါများ ကြိုတင်ကာကွယ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အဘိတ်ဆေးခတ်ခြင်းကို မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်အိအိလွင်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

နှင်းမြူလွင် (ပလောက်)