ဖလမ်း နိုဝင်ဘာ ၁၂
ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကို လိုက်နာဆောင်ရွက်နိုင်ရေး ဖလမ်းခရိုင် ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဖလမ်းခရိုင်ဝန်ထမ်းများသည် နိုဝင်ဘာ ၇ ရက်နေ့တွင် ဖလမ်းမြို့၊ လုံပီးရပ်ကွက်တွင်လည်းကောင်း၊ နိုဝင်ဘာ ၉ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ ဗါးရ်ကျေးရွာတွင်လည်းကောင်း၊ နိုဝင်ဘာ ၁၁ ရက်နေ့တွင် ဖလမ်းမြို့နယ်၊ စီဇာမွာလ်ကျေးရွာနှင့် ကြောင်ဟဲင်းကျေးရွာ တို့တွင်လည်းကောင်း၊ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် တွင်လည်းကောင်း ကိုဗစ်-၁၉ အသိပညာပေးလုပ်ငန်းဆောင်ရွက်ပြီး ဒေသခံပြည်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများကို ဝေငှပေးသည်။ အလားတူ မြေပြိုဘေး၊ ငလျင်ဘေး နှင့် မီးဘေး ကြိုတင်ကာကွယ်ရေး အသိပညာပေး ပိုစတာများကိုကပ်ထားပေးပြီး အသိပညာပေးလက်ကမ်း စာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
ဂျွန်