လားရှိုးမြို့တွင်ကျင်းပပြုလုပ်မည့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်အတွက် ကော်မတီအလိုက် ကြိုတင်ညှိနှိုင်းအစည်းအဝေးပြုလုပ်

လားရှိုး ဇွန် ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်ကျင်းပပြုလုပ်မည့် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နှင့် ယနေ့မွန်းလွဲပိုင်းတို့တွင် လူထုအခြေပြုဗဟိုဌာန (လားရှိုး) တွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး) မှ ဒုတိယညွှန်ကြားရေးမှူး ဦးလှဌေးက စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်ချက်များ၊ ကြိုတင်ဆောင်ရွက်ထားရမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် လားရှိုးခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပမည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည့် လုပ်ငန်းများနှင့် လိုအပ်ချက်များ၊ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီ အလိုက်‌ဆောင်ရွက်ကြရမည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ဇွန်လ ၁၉ ရက်နေ့တွင် လားရှိုးမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် စာအုပ်ဈေးရောင်းပွဲ၊ စာပေဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ အရုပ်ခေါက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)