တနင်္သာရီ ဇွန် ၁၂
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၊ ချောင်းငယ်ရပ်ကွက် မြို့ဦးပရိယတ္တိစာသင်တိုက် သာသနာ့ဟိတဓမ္မာရုံအတွင်း ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း (၆) ရက် ယနေ့နံနက် ၉ နာရီခွဲအချိန်က (တတိယ) အကြိမ်၊ ၅ ရက်/ ၅ ညတိုက်တိုင် နေ့ညအသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့ဦးကျောင်းတိုက်ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဇောတိကနှင့် ပင့်လျှောက်ထားသော ဆရာတော်/ သံဃာတော်အရှင်သူမြတ် (၃၅) ပါး၊ တနင်္သာရီမြို့နယ် အမှတ် (၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့်အဖွဲ့ဝင်များ၊ မြို့ဦးရပ်၊ ချောင်းကြီးရပ်နှင့် ချောင်းငယ်ရပ်တို့မှ အရပ်လူကြီးများ၊ မြို့ဦးရပ် ဟိတကာရီ ကုမ္မာရီအဘိဓမ္မာဝတ်ရွတ်အဖွဲ့၊ ဆွမ်းအလှူရှင်များနှင့် ပဋ္ဌာန်းအလှူရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဆရာတော်၊ သံဃာတော်များနှင့်လူပရိတ်သတ်အပေါင်းတို့က နမောတဿသုံးကြိမ် သံပြိုင်ရွတ်ဆိုဖွင့်လှစ်ကြပြီး မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇောတိက ကငါးပါးသီလ ချီးမြှင့်ပေးတော်မူခဲ့သည်။
ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်/သံဃာတော် အရှင်သူမြတ်များက အန္တရာယ်ကင်း မေတ္တာသုတ်ပရိတ်ကို ရွတ်ပွားချီးမြှင့်ပေးကြပြီး အနုမောဒနာ ဂါထာတော်ကို ချောင်းကြီးကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်အရှင်ပဏ္ဏိစက ဖတ်ကြားပူဇော် ပေးတော်မူသည်။
ထို့နောက် မြို့ဦးရပ်ဂေါပကအဖွဲ့ဝင် ဦးကျော်လှိုင်စိုးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် မြို့ဦးပရိယတ္တိစာသင်တိုက် ဦးစီးပဓာန ဆရာတော်ဘဒ္ဒန္တဇောတိကထံ အမှတ် (၂) စစ်နယ်မြေမှူးဗိုလ်မှူးကြီးမျိုးမင်းသူနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က တရားပွဲနှင့် တရားဆုဓမ္မပူဇာကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ပင့်လျှောက်ထားသော နာယကဆရာတော်ကြီးများနှင့် သံဃာတော် အရှင်သူမြတ်များ စုစုပေါင်း ၃၅ ပါးတို့ထံ မြို့ဦးရပ်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှအောင်နှင့် အဖွဲ့ဝင်များက လှူဖွယ်ဝတ္တုပစ္စည်းများကို မဲစံနစ်ဖြင့်ရွေးချယ်၍ ဆက်ကပ်လှူဒါန်းပေးကြ ကြောင်း သိရသည်။
ထို့နောက် မြို့ဦးပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တဇောတိက က နေ့ညအသံမစဲ မဟာပဋ္ဌာန်းပူဇော်ပွဲအောင်မြင်ခြင်း အထိမ်းအမှတ် “ပဌါန်းအကျိုးတရားတော်” ကို ချီးမြှင့်ပေးပြီး အလှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အောင်သာဓု သုံးကြိမ် ခေါ်ဆိုကြ၍ ပဋ္ဌာန်းတရားနာကြားရန် ဖိတ်ကြားထားသော နတ်ဗြဟ္မာများကို ဟိတကာရီကုမ္မာရီအဘိဓမ္မာဝတ် အဖွဲ့ခေါင်းဆောင် ဒေါ်စီစီခိုင်က ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။ ပဋ္ဌာန်းပိတ်သိမ်းပွဲအခမ်းအနားကို ဗုဒ္ဓ သာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် အမှတ် (၂) စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများ၊ ဆွမ်းအလှူရှင်များက ဆရာတော်/သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာပရိတ်သတ်များ၊ ဖိတ်ကြားထားသူများကို နေ့လယ်စာ ကျွေးမွေးလှူဒါန်းကြကြောင်း
သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)