ပျော်ဘွယ်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ပျော်ဘွယ် ဇွန် ၁၂

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များနှင့် စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းကို ယနေ့ ညနေ(၃)နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာမ ခင်စုစုစံ (မြန်မာပြန်) ရေးသားသည့် လူတွေဘာလို့ နောက်ရွှေ့ချင်နေရတာလဲ” စာအုပ်မှ အကြောင်းအရာကိုဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် ဘာသာပြန်သူစာရေးဆရာမသည် အချို့လူတို့က အလုပ်ကို သတ်မှတ်ချိန်အတိုင်း မလုပ်နိုင်ဘဲ နောက်ရွှေ့ဆိုင်းတတ်သော အကြောင်းအရင်းများ၊ နောက်ရွှေ့ဆိုင်းတတ်သော အလေ့အကျင့်ကိုဖြေရှင်းရန်အတွက် စိတ်ဖိစီးမှုဖြစ်ပေါ်စေသည့်အရာကို သေချာစွာသိရှိရန် လေ့လာခြင်းများ၊ စိတ်ပိုင်းဆိုင်ရာပြဿနာများ စသည်တို့ကို ပုံစံအမျိုးမျိုးဖြင့် ဖော်ပြထားခြင်းကြောင့် လူတိုင်းဖတ်သင့်သည့် စာအုပ်ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့သည်။

မင်းမင်းထွေး(ပျော်ဘွယ်)