ထားဝယ်မြို့၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပ

ထားဝယ် ဇွန် ၁၂

ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ (၁) နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီး စစ်ဆေးရေးမှူး ဒေါ်သန်းသန်းအေးက ကလေးအလုပ်သမားအဓိပ္ပာယ်၊ အဆိုးဝါးဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းအဓိပ္ပာယ်၊ ကလေးအလုပ်သမားဖြစ်ပေါ်စေသည့် အကြောင်းတရားများ၊ မူဝါဒနှင့်ဥပဒေအကြောင်းအရာ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်အကောင်အထည်ဖော် ဆောင်ရွက်မှုစသည့်တို့ကို အသိပညာပေးရှင်းလင်းဆွေးနွေးပြောကြားပြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းများသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပြီး နိုင်ငံတော်၏ အနာဂတ်ပုံရိပ် ကောင်းမွန်ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်သဖြင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေးအတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ လူမှုမိတ်ဖက်အဖွဲ့အစည်းများနှင့်အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ စက်ရုံ၊ အလုပ်ရုံ၊ ဆိုင်နှင့်အလုပ်ဌာနများမှ တာဝန်ခံများနှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)