ဘုတ်ပြင်းမြို့ မူလွန်-ကျွေးချောင်းကျောင်း၌ အားကစားနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ

ဘုတ်ပြင်း ဇွန် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ အားကစားနှင့် လူငယ်ရေးရာအသိပညာ‌ပေး ဟောပြောပွဲကို ယမန်နေ့ နံနက်က ကမာချောင်းကျေးရွာအုပ်စု၊ အေးချမ်းမြိုင်(၂)ကျေးရွာ၊ မူလွန်-ကျွေးချောင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ  မူလွန်-ကျွေးချောင်းကျောင်း  ကျောင်းအုပ်ဆရာကြီး ဦးထင်ကျော်လွင်က အသိပညာပေး ပြုလုပ်ရခြင်းနှင့်စပ်လျဉ်း၍ ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်ဖြူဖြူသိန်းက လူငယ်များ ဘက်စုံဖွံ့ဖြိုးပြီး အကျင့်စာရိတ္တကောင်းမွန်ရေးနှင့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ “ကျောင်းသား/သူများအနေဖြင့် နောင်တစ်ချိန်တွင်နိုင်ငံနှင့် လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက် ကြရမည်ဖြစ်ပြီး ယခုအရွယ်မှ စပြီး ဗလငါးတန်နှင့်ပြည့်စုံစေရန်၊ နိုင်ငံနှင့်လူမျိုးကိုချစ်မြတ်နိုးတတ်စေရန်၊ တန်ဖိုးထားတတ်စေရန် အသိပညာ၊ အတတ်ပညာများကို  လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ ရည်မှန်းချက်ထားရှိရမှာ ဖြစ်‌ကြောင်း၊ ပြင်ပဗဟုသုတရရှိစေရန် စာပေများဖတ်ရှု လေ့လာကြစေလိုပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်များတွင် အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာပေများနှင့် သုတရသစာအုပ်စာစောင်များကို အခမဲ့လာရောက်ဖတ်ရှုပြီး ငှားရမ်းနိုင် ကြောင်း ပြောကြားသည်။

ထို့နောက် အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောကျော်စိုးမိုးက လူငယ်များအနေဖြင့် ကျောင်းပညာရေးအပြင် အားကစားကဏ္ဍ အထူးလေ့လာလိုက်စားစေလိုကြောင်း၊ လာမည့်ရက်များတွင် အခြေခံပညာကျောင်းပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် ပါဝင်ယှဉ်ပြိုင်ကာ မိမိကျောင်းအတွက်သာမက မြို့နယ်အတွက် ထူးချွန်တဲ့အားကစားသမားများ ပေါ်ထွက်လာစေရေးစသည့် ရည်ရွယ်ချက်ဖြင့် ဟောပြောပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေး နံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များ ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)