ကော့သောင်း ဇွန် ၁၃
၂၀၂၄ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲတွင် ကော့သောင်းခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၄၀)ဦးတို့က "မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်"ခေါင်းစဉ်ဖြင့် နံနက် (၈)နာရီမှ (၁၁)နာရီထိ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပန်းချီကားများကို ပန်းချီပညာရှင်နှင့် အကဲဖြတ်စစ်ဆေးအဖွဲ့တို့က အကဲဖြတ်စစ်ဆေး၍ ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပန်းချီပညာရှင် ဦးလှမိုးထွန်းက ပန်းချီအနုပညာနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက ဆုရရှိသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)