မြစ်သား ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အုပ်ရှစ်ကုန်းကျေးရွာအုပ်စု၊ သမတန်းကျေးရွာတွင် စာကြည့်တိုက်အသစ် ဆောက်လုပ်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်း က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြစ်သားမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က စာကြည့်တိုက်အသစ် ဆောက်လုပ်နိုင်ရေးအတွက် မြစ်သားမြို့နယ်အတွင်းရှိ မြို့နှင့်အနီးဆုံးနေရာတွင်တည်ရှိသော စာကြည့်တိုက်အသစ်ဆောက်လုပ်ရာတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန် အဆင်ပြေချောမွေ့သည့် အုပ်ရှစ်ကုန်းကျေးရွာ အုပ်စု၊ သမတန်းကျေးရွာအား ရွေးချယ်ထားကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဒေသခံပြည်သူများစာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတတိုးပွားစေရေး၊ စာအုပ်စာစောင်များလှူဒါန်းထောက်ပံ့ပေးနိုင်ရေးနှင့် စံ (၅) ချက်ညီ စာကြည့်တိုက်သစ်များ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ စာကြည့်တိုက်ဖွင့်ချိန်၊ ပိတ်ချိန် စနစ်တကျဆောင်ရွက်ရေး၊ စာအုပ်စင်၊ စာအုပ်ဗီရိုများ ပြည့်စုံရေး၊ စာအုပ်စာစောင်များ ပိုမိုများပြားစွာရရှိရေး၊ စာငှားစာဖတ်များ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက သိရှိလိုသည့်အကြောင်းအရာများကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ စာကြည့်တိုက်ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)