ကရသူရိ ဇွန် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ မိုးဦးရာသီတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဟောပြောရာတွင် ကရသူရိမြို့နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်မြတ်ဖြိုးက မိုးဦးရာသီသို့ရောက်ရှိလာပြီဖြစ်၍ ရေကြီးခြင်း၊ မိုးကြိုးပစ်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ လျှပ်စစ်စီးခြင်းစသည့် အန္တရာယ်များဖြစ်ပေါ်လာနိုင်၍ ကျောင်းသား/ သူများအနေဖြင့် ကြိုတင်ကာကွယ်သတိပြုကြရန်လိုအပ်ကြောင်း၊ တစ်ဦးချင်းအလိုက်၊ မိသားစုအလိုက်ဆောင်ရွက်ချက်များ၊ ဆောင်ရန်/ရှောင်ရန်အချက်များစသည့်တို့ကို အကျယ်တဝင့်ပြောကြားသည်။ ထို့နောက် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသက်ကယ်အင်္ကျီဝတ်ဆင်ခြင်းတို့ကို သရုပ်ပြခြင်း၊ နံရံကပ်စာစောင်များပြသခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မိုးဦးကာလတွင်ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်ဆိုင်များကို ကျောင်းသား/ သူများ အသိပညာဗဟုသုတရရှိရေးပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါကရသူရိမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ(၂၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကရသူရိ(ပြန်/ဆက်)