မှုခင်းများ လျော့နည်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

တာချီလိတ်   ဖေဖော်ဝါရီ   ၂၄

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မကာဟိုခမ်း ရပ်ကွက်ရှိ မြို့နယ်ဓမ္မာရုံတွင် ယမန်နေ့ နေ့လည် ၁ နာရီအချိန်၌ ခရိုင်၊ မြို့နယ်၊ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက မှုခင်းများ လျှော့နည်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

မှုခင်းများ လျှော့နည်းကျဆင်းရေး ဟောပြောပွဲတွင် တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ညီညီဌေးမှ အဖွင့်အမှာစကား ပြောကြားရာ၌ မိမိတို့၏ရဲလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများမှ ပူးပေါင်း ပါဝင် ကူညီပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့မရဲစခန်းမှူး ဒုရဲမှူးကျော်ထွန်းနိုင်မှ နယ်စပ်ဒေသဖြစ်သည့် တာချီလိတ်မြို့တွင် လမ်းမ၊ နေအိမ်၊ လမ်းကြား စသောနေရာများတွင် ပြစ်မှုများ ကျူးလွန်လျက်ရှိရာ မြို့ခံ/ ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် သတင်းအချက်အလက်များ ကူညီပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ပြစ်မှုကျူးလွန်သူနှင့် ပြစ်မှုကျူးလွန်ခံရသူများသည် အများပြည်သူများထဲ တွင်သာ ရှိနေရာ မိမိပတ်ဝန်းကျင်တွင် မသင်္ကာဖွယ် တွေ့ရှိရပါက ရဲတပ်ဖွဲ့သို့ အမြန်ဆုံးသတင်းပေးကြ ပါရန် ပြောကြားခဲ့သည်။

ထို့နောက် မှုခင်းအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆက်သွယ်နိုင်မည့် မြို့နယ် ရဲစခန်း/ နယ်ထိန်းတပ်ဖွဲ့ဝင်များ၏ ဖုန်းနံပါတ်များ ပေးခြင်းကို ပြုလုပ်ခဲ့ကြသည်။

အသိပညာပေး ဟောပြောပွဲသို့ ရွှေတာချီခရီးသွား လုပ်ငန်းဆိုင်ကယ် TAXI အသင်းသားများ ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ၊ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)