ပုလောမြို့ စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေး စီမံချက်ရေးဆွဲ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပ

ပုလော   ဖေဖောဝါရီ  ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၌ စည်ပင်သာယာရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းပြီး မြို့စိမ်းလန်းစိုပြေသန့်ရှင်းသာယာလှပရေးစီမံချက် ရေးဆွဲညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် မကျည်းကုန်းကျေးရွာ၊ ပုလောမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး လွတ်တော်ကိုယ်စားလှယ် ဦးကြည်လှိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးတင်စိုးက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး လောကအလင်းစီမံကိန်း ထားဝယ်တာဝန်ခံ ဦးမင်းသူရက ဒေသခံအဖွဲ့အစည်း ဖွဲ့စည်းရခြင်း၏ အကျိုးသက်ရောက်မှုများနှင့် Clean Dawei အဖွဲ့လှုပ်ရှားမှုများကို ရှင်းလင်းတင်ပြခဲ့သည်။

ထိုနောက် လောကအလင်းစီမံကိန်း မြိတ်တာဝန်ခံ ဦးသန်းစိုးက Clean (or) Green Myeik  အဖွဲ့၏ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဦးဇော်နိုင်ဦးက သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ယခင်လုပ်ဆောင်ခဲ့သည်များနှင့် ရှေဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပေါ် ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသူများအားလုံးကို မြို့သန့်ရှင်းရေး၊ မြို့သာယာရေး၊ မြို့လှပရေး၊ မြို့စိမ်းလန်းစိုပြေရေး ခေါင်းစဉ်များဖြင့် အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသူများက ဆွေးနွေးမှုများကို အနှစ်ချုပ်ခြင်းများပြုလုပ်ပြီး ပုလောမြို့စိမ်းလန်းစိုပြေသန့်ရှင်းရေး သာယာလှပရေးအဖွဲ့ ခေါင်းစဉ်ဖြင့် အဖွဲ့ဖွဲ့စည်းခဲ့ ကြောင်းသိရသည်။

ထူးဝေယံ(ပြန်/ဆက်)