ပလောက် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲပြုလုပ်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီက အ.မ.က(ခွဲ) ဖိုးပြန်ကုန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.မ.က(ခွဲ)ဖိုးပြန်ကုန်း ကျောင်းအုပ်ဆရာမကြီးက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မူးယစ်ဆေးဝါးသည် ကျောင်းသားများနှင့်မသက်ဆိုင်ပါကြောင်း၊ မူးယစ်ဆေးဝါးသည် အလွန်ပင်ကြောက်စရာကောင်း၍ လူသားများ၏အသက်ကိုပင်နုတ်ယူနိုင်သည့်အထိ အန္တရာယ်များကြောင်း၊ ရှောင်လေဝေးဝေး မူးယစ်ဆေးဆိုသည့်အတိုင်း မူးယစ်ဆေးဝါးကိုလက်တည့်မစမ်းကြရန် ပြောကြားခဲ့သည်။
ထို့နောက် ပလောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နှင်းမြူလွင်က မူးယစ်ဆေးဝါးသုံးစွဲသူများသည် လူစိတ်ပျောက်ကာအသိတရားမရှိခြင်း၊ စိတ်ကြွဆေးဝါးများကိုသုံးစွဲခြင်းဖြင့် မိမိ၏ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားများပျက်စီးစေပြီး လူပါထိုင်းမှိုင်းစေလာနိုင်ကြောင်းကို ရှင်းလင်းဟောပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား/သူများကသိလိုသည်များကို အပြန်အလှန်မေးမြန်းခဲ့ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သတ်သည့် နံရံကပ်စာစောင်များကို ကြည့်ရှုခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)