မြိတ် ဇွန် ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဖြင့် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” လူထုအသိပညာပေးလှုံ့ဆော်ရေး ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့နံနက်ပိုင်းက လေယာဉ်ကွင်းလမ်းဆုံတွင် ဆောင်ရွက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း သန်းခေါင်စာရင်းရည်ညွှန်းချိန် “စက်တင်ဘာလ(၃၀)ရက်နေ့ ညဉ့်သန်းခေါင်းယံ ” ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ လှုံ့ဆော်ရေး အသိပညာပေး မြေစိုက်ပိုစတာဆိုင်းဘုတ်အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ကော်မတီအတွင်းရေးမှူး ဦးထွန်းဇော်ဦးနှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးထွန်းဝင်းစိုးတို့က မြေစိုက်ပိုစတာအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သန်းခေါင်စာရင်းကော်မတီဝင်များက အမွှေးနံ့သာများ ပက်ဖျန်းပေးကြသည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံတော်၏လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒများချမှတ်ခြင်း၊ စီမံကိန်းများရေးဆွဲအကောင်အထည်ဖော်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းကဏန်း အချက်အလက်များကိုရရှိရန် ရည်ရွယ်ချက်ဖြင့် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စက်တင်ဘာ(၃၀)ရက် ည(၁၂)နာရီမှစတင်ကာ စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ယူ ဆောင်ရွက်ကြမည်ဖြစ်သည်။
မြိတ်မြို့အတွင်းရှိ နေထိုင်သူများအားလုံးကို မထပ်မကျန်စာရင်းကောက်ယူနိုင်ရန် သန်းခေါင်စာရင်းရည်ညွှန်းချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာများအလိုက် စာရင်းကောက်ကွက်ပေါင်း(၅၀၇)ကွက်ဖြင့် စာရင်းကောက်အဖွဲ့များမှ စာရင်းကောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စာရင်းကောက်ယူရာတွင် Mobile Tablet ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီးဌာန မြိတ်မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )