တာချီလိတ်ခရိုင်အတွင်း​ လေထုညစ်ညမ်းမှုလျှော့ချရေး ဌာနပေါင်းစုံပါဝင်သော ပူးပေါင်းအဖွဲ့များက ကွင်းဆင်းအသိပညာပေးဟောပြော

တာချီလိတ်  ဖေဖော်ဝါရီ  ၂၄

နှစ်စဉ်နွေဦးရာသီရောက်တိုင်း မီးခိုးငွေ့များဖုံးလွမ်းမှုကြောင့် မီးခိုးမြူများ ကြိုတင်ကာကွယ်ရေးနှင့် လေထုညစ်ညမ်းမှု လျှော့ချနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် ကျေးရွာအုပ်စုများအတွင်း တောမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရန် ဌာန​ပေါင်းစုံ ပါဝင်သော ပူးပေါင်းအဖွဲ့များက အသိပညာပေးဟောပြောခြင်းကို တာချီလိတ်မြို့နယ် မိုင်းဖုန်း (က) ကျးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် သွားရောက် ပြုလုပ်ခဲ့ကြ သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နိုင်ဦးဆောင်သော သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဥပဒေအထောက်အကူပြုအဖွဲ့၊ စသည့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးအသိပညာပေး ​ဟောပြောဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ညနေ ၃ နာရီအချိန်တွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု ဝေလှေလန်ကျေးရွားသို့ သွားရောက်ခဲ့ပြီး အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြရာ ပြည်သူလူထု စုစုပေါင်း ၄၇၅ ဦးကိုအသိပညာပေး ဟောပြောဆွေးနွေးနိုင်ခဲ့ကြောင်းသိရှိရသည်။

ယာဆေး(ပြန်/ဆက်)