မိတ္ထီလာ ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဦဌာန၊ အခြေခံပညာဦးစီးဌာန၊ မိတ္ထီလာအခြေပြုဘာသာရေး နှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးကော်မတီ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဦးစွာကျင်းပရာ မိတ္ထီလာအခြေပြု ဘာသာရေးနှီးနွယ်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနာယက ဆရာတော်ဘဒ္ဒန္တသုမနက အဖွင့်ဩဝါဒါမိန့်ကြားသည်။ ဆက်လက်၍ အမှတ်ပေးဒိုင် ဒေါ်ဖြိုးဝေထွန်းက ပြိုင်ပွဲဆောင်းပါးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အဆိုပါ ကော်မတီ အတွင်းရေးမှူး ဦးမောင်မောင်စိန်က ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြိုင်ပွဲကိုကျင်းပပြုလုပ်ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသူကျောင်းသား ၅၉ ဦးက ပါဝင်ယှဉ်ပြိုင်သည်။ ကျောင်းသူကျောင်းသား လူငယ်များရဲ့ အင်္ဂလိပ်စာစွမ်းရည်တိုးတက်ဖွံ့ဖြိုးရေး ရည်ရွယ်ချက်နဲ့ကျင်းပတဲ့ ဒီပြိုင်ပွဲကို ပဉ္စမအကြိမ်မြောက် ကျင်းပတာဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ကပြောသည်။ အဆိုပါပြိုင်ပွဲအား ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိကြသူများအား ဇွန်လ ၁၈ ရက်နေ့တွင် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ