သီပေါမြို့နယ် အောင်သီရိရောင်းဝယ်ရေးသမဝါယမအသင်းလီမိတက်မှ အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အသင်းသားများအား အစုပေါ်အမြတ်၊စုဆောင်းငွေအပေါ် အတိုးများ ထုတ်ပေးခြင်း ဆောင်ရွက်

သီပေါ ဇွန် ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အောင်သီရိရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်မှ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အသင်းသားများအား အစုပေါ်အမြတ်၊ စုဆောင်းငွေအပေါ် အတိုးများထုတ်ပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသင်းဥက္ကဋ္ဌ ဦးမောင်ဦးက  သမဝါယမဆိုင်ရာလုပ်ငန်းစဉ်များ၊   စုဆောင်း ငွေများ ဆက်လက်စုဆောင်ကြစေရေး၊ စုဆောင်းတတ်သည့် အလေ့အကျင့်ကောင်းများမှ ရရှိနိုင် မည့် အကျိုးများနှင့်စပ်လျဉ်း၍ အသေးစိတ်ကို အသင်းသားများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာနဦးစီးအရာရှိ ဒေါ်ရတနာဝင်းက သမဝါယမအသင်း၏ အသင်းဥပဒေ၊ နည်းဥပဒေ များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် အသင်းသားများ၏ စုဆောင်းငွေအပေါ်အတိုး၊ အစုပေါ်အမြတ်ငွေများ ထုတ်ပေးခြင်းဖြစ်ကြောင်း၊ ထုတ်ပေးသည့် ငွေပေါင်းကျပ်သိန်း(၃၀)ကျော် ရှိပါကြောင်း၊ အသင်းသားများမှလာရောက်ထုတ်ယူလျက်ရှိကြောင်း၊ အသင်းသားဦးရေစုစုပေါင်း (၃၀)ဦး ရှိပါကြောင်းနှင့် အဆိုပါအသင်းသည် အသင်းသားများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အသင်းဥက္ကဋ္ဌထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)