ပုလော ဇွန်လ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ကော်ဖီနှင့် ကိုကိုးသီးနှံ စိုက်ပျိုးမည့် တောင်သူများအား ပျိုးပင်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာ(GAP) အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပုလောမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးအေးဝင်းက နှစ်ရှည်သီးနှံ ရော်ဘာနှင့် ကွမ်းသီးပင်များကြားတွင် ကော်ဖီနှင့်ကိုကိုးသီးနှံကို တိုးချဲ့စိုက်ပျိုးခြင်းဖြင့် မြေတစ်ယူနစ် အသုံးချမှုတိုးတက်လာစေရန်၊ တောင်သူများ၏ ဝင်ငွေတိုးပွား၍ လူနေမှုဘဝမြင့်မားလာစေရန်၊ ဒေသအတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် မြန်မာ့ကော်ဖီ ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက်နိုင်ရန် စသည့် ရည်ရွယ်ချက်ဖြင့် ပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ပုလောမြို့နယ်တွင် နှစ်ရှည်သီးနှံအဖြစ် ရော်ဘာနှင့် ကွမ်းသီးပင်များကို အဓိက စိုက်ပျိုးကြပြီး မြေတစ်ယူနစ် အသုံးချနိုင်ရန်အတွက် ကော်ဖီနှင့် ကိုကိုးစိုက်ပျိုးလိုသူ တောင်သူများအား ကော်ဖီပျိုးပင် ၂၅၀၀၀ နှင့် ကိုကိုးပျိုးပင် ၄၀၀၀ နှင့် ပုလောမြို့နယ် မကျည်းကုန်းကျေးရွာမှ စပါးသီးနှံအား စိုက်ပျိုးရေးဆိုင်ရာ နည်းစနစ်ကောင်းများဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူ (၅)ဦးအား မြန်မာ(GAP) အသိအမှတ်ပြု လက်မှတ် (၅)စောင်ကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးမော်(ပုလော)