ထားဝယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ထားဝယ် ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်က ကျောင်းစာကြည့်တိုက်အား ဖွံ့ဖြိုးတိုးတက်စေရန်၊ စာကြည့်တိုက်လုပ်ငန်း ရေရှည်တည်တံ့ခိုင်မြဲစေရန်နှင့် စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်မှုများအား တတ်ကျွမ်းနားလည်ကြစေရန်၊ ကျောင်းသား/သူများ အလိမ္မာ စာမှာရှိဆိုသောစကားအတိုင်း အသိဉာဏ်ပညာပြန့်ပွားအောင်ပြုလုပ်ရန် စာကြည့်တိုက်သည် အင်အားတစ်ခုဖြစ်သောကြောင့် စာကြည့်တိုက်ကို တိုးတက်စေပြီး စာကြည့်တိုက်ပညာကို တတ်ကျွမ်းနားလည်ထားမှသာ ထိုအင်အားကိုရရှိနိုင်သောကြောင့် ယခုသင်တန်းကို ဖွင့်လှစ်ရကြောင်း၊ သင်တန်းသား/သင်တန်းသူဆရာ/မများအား စာတွေ့၊လက်တွေ့များကို လေ့လာဆည်းပူးပြီး ကျောင်းစာကြည့်တိုက်များ၊ ရုံးစာကြည့်တိုက်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

သင်တန်းတွင် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များ၊ ကျောင်း/ရုံးစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့်လုပ်ငန်းများနှင့် စာကြည့်တိုက်ရှိစာအုပ်များ မျိုးတူစုခွဲခြင်းလုပ်ငန်းများ၊ အခြေခံစာကြည့်တိုက်ပညာရပ်များ၊ စာစုစာပြုလုပ်ငန်းများ၊ စာကြည့်တိုက်ရှင်သန်ခိုင်မာရေးလုပ်ငန်းများ၊ စာပေပစ္စည်းပြုပြင်ထိန်းသိမ်းရေး ဘာသာရပ်များအား ရှင်းလင်းဆွေးနွေး ပို့ချပေးသွားမည်ဖြစ်သည်။

အခြေခံစာကြည့်တိုက်ပညာသင်တန်းတွင် အခြေခံပညာကျောင်းပေါင်းစုံမှ စာကြည့်တိုက်တာဝန်ခံဆရာ/မများ၊  အမျိုးသမီးရေးရာအဖွဲ့၊ ဝန်ထမ်းများစုစုပေါင်း ၂၅ ဦး အား ဇွန် ၁၉ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသတင်းရရှိ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)