ထားဝယ် ဇွန် ၁၇
၂၀၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်မည့် တနင်္သာရီတိုင်းဒေသကြီး အသက်(၂၁)နှစ်အောက် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ(၂၇)ရက်နေ့မှ ဇူလိုင်လ(၁၁)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသက်(၂၁)နှစ်အောက်ဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မှာဖြစ်ကြောင်း၊ အားကစားသမားအနေဖြင့် ကျန်းမာရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ကြံ့ခိုင်မှု၊ ကျွမ်းကျင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ဘောလုံးအားကစားနည်းတွင် (၂၀၀၈)ခုနှစ်အတွင်း ကျင်းပသည့်ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၇)နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု၊ အသက်(၁၉)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုနှင့် အသက်(၂၁)နှစ်အောက် ပြည်နယ်နှင့်တိုင်းဒေသကြီးဘောလုံးပြိုင်ပွဲတွင် ပထမတံခွန်စိုက်ဒိုင်းဆုဆွတ်ခူးရရှိခဲ့သောကြောင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း၊ ထပ်မံပြီးအောင်မြင်မှုရရှိပါက ချီးကျူးဂုဏ်ပြုမှာဖြစ်ကြောင်း၊ ပြိုင်ပွဲကိုသွားရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအားကစားသမားတွေအနေဖြင့် အနိုင်/အရှုံးတစ်ခုတည်းကိုသာ ဦးတည်ယှဉ်ပြိုင်မှုမျိုးမဟုတ်ဘဲ တိုင်းဒေသကြီး၏ ဂုဏ်၊ နိုင်ငံတော်၏ဂုဏ်ကို ဆောင်နိုင်မည့် ထိုက်တန်ထူးချွန်သော အားကစားသမားကောင်းများဖြစ်လာအောင် အမိန့်နာခံတတ်မှု၊ သတ္တိရှိမှု၊ သည်းခံနိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ဓါတ်ကြံ့ခိုင်မှု၊ စည်းလုံးညီညွတ်မှု၊ ယဉ်ကျေးမှု၊ စည်းကမ်းကို ရိုသေလိုက်နာတတ်မှုစသည့် အခြေခံကောင်းများကိုအစွမ်းကုန် ဖော်ထုတ်ပြသပြီး အနိုင်ရရှိရေးအတွက် ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေအား ရှင်းလင်းတင်ပြပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်က အသက်(၂၁)နှစ်အောက် ဘောလုံးအသင်းသို့အောင်နိုင်ရေးအလံအားလည်းကောင်း၊ ထောက်ပံ့ငွေ(၁၁ သိန်း ၅ သောင်း)ကျပ်အားလည်းကောင်း ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)