လွိုင်ကော် ဖေဖော်ဝါရီ ၂၃
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ နောင်ယား(ခ)ရပ်ကွက်ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV) ဂေဘားရေဒီယိုအသံလွှင့်အစီအစဉ် (၁၀) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ဂေဘားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးရိုမားနိုက ကြိုဆိုနုတ်ခွန်းဆက်စကားပြောကြားပြီး ကယားပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရားဝန်ကြီး ဦးလှမျိုးဆွေက အားပေး အမှာစကား ပြောကြားပေးခဲ့သည်။
ဆက်လက်ပြီး ဂေဘား(ရေဒီယို) အသံလွှင့်အစီအစဉ်မှ အသံလွှင့်ကျွမ်းကျင် (၁) ဦးဂျိုဝါးနီပါတစ္စတာ က ဂေဘား(ရေဒီယို) အသံလွှင့် စတင်ဆောင်ရွက်ခဲ့ သည့် အခြေအနေ သမိုင်းကြောင်းများအား ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
ဂေဘားသာအစီအစဉ်ကို ကယန်း၊ ဂေခို၊ ချင်း(ချိုး)၊ ကိုးကန့်ဘာသာနှင့်အတူ (၂၀၁၀) ခုနှစ်တွင် စတင် ထုတ်လွှင့်ခဲ့ကြောင်း သိရှိရသည်။
ထို့နောက် ဗမာတိုင်းရင်းသားလူမျိုးရေးရားဝန်ကြီး ဦးလှမျိုးဆွေနှင့် ဂေဘား(ရေဒီယို) အသံလွှင့် အစီအစဉ်တွင် တာဝန်ထမ်းဆောင်နေကြသူများအား ဂေဘားစာပေနှင့်ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဦးရိုမားနို က အမှတ်တရလက်ဆောင်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ထွန်းလေး