မန္တလေး ဖေဖော်ဝါရီ ၂၃
ငါးလုပ်ငန်းဦးစီးဌာနနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ ပူးပေါင်း၍ မန္တလေးမှ ဗန်းမော်အထိ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၁၀ ရက် မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် စစ်တမ်းကောက်ယူမှုအရ ဆယ်စုနှစ်(၂)ခု အတွင်း အများဆုံးတွေ့ရှိမှုအဖြစ် ၇၉ ကောင် တွေ့ရှိခဲ့ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မှ သိရသည်။
ယခုနှစ်က ဆယ်စုနှစ်(၂)ခုအတွင်း အများဆုံးတွေ့ရှိခဲ့ပါတယ်၊ မန္တလေးမှ ကချင်ပြည်နယ် ဗန်းမော်အထိ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၂၀ ရက်အထိ ဧရာဝတီလင်းပိုင် သုတေသနစစ်တမ်းကောက်ရာတွင် မန္တလေးမှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာ ၁) တွင် ၂၈ ကောင်၊ ထီးချိုင့်- ကသာ- ရွှေကူ (ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ် နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြားတွင် ၃၇ ကောင်၊ ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၉ ကောင်ကို သုတေသနပြု စစ်တမ်းကောက်ယူနိုင်ခဲ့ကြောင်း၊ ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်း က ပြောကြားသည်။
ယခုနှစ် (၂၀၂၀ ပြည့်နှစ်) ဧရာဝတီလင်းပိုင်သုတေသနခရီးစဉ်တွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့၏ ငါးလုပ်ငန်း ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ငါးလုပ်ငန်းဦးစီးဌာန၏ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်းသိမ်းရေးဌာနစုမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရေကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် သားငှက်ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံအစီအစဉ်) တို့ မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ယခုနှစ် ခရီးစဉ်တွင် ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေး အသိပညာပေးလုပ်ငန်းများကို ကန့်ဘလူမြို့နယ် မလယ်ကျေးရွာ၊ သပိတ်ကျင်းမြို့နယ်ရှိ ခရမ်းစပ်ကုန်း ကျေးရွာနှင့် ဂွေးပင်ကျေးရွာ၊ ဗန်းမော်မြို့နယ်ရှိ ရေနီကျေးရွာတို့တွင် ဆောင်ရွက်ခဲ့သည်။ ထို့အပြင် ရှော့တိုက်ငါးဖမ်းဆီးသော လှေ (စက်နှင့်ရှပ်တန်းပါ) ၇စီး၊ ရှော့ပိုက် ၁၀ လက်၊ ရှော့ဂေါ်တံ ၂၁ ချောင်း၊ ရှော့ပိုက် ၃ လက်၊ ရှော့ပုံး ၃လုံး၊ ဘက္ထရီအိုး ၂လုံး၊ အဆိပ်ချဖမ်းဆီးရာတွင် အသုံးပြုသော ဆေး ၂ဘူး၊ ဝါယာယာကြိုး ၂ ခွေ တို့ကို သိမ်းဆည်း ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
၂၀၁၉ ခုနှစ် ဧရာဝတီလင်းပိုင်သုတေသနစစ်တမ်းကောက်ယူရာတွင် မန္တလေး မှ ကျောက်မြောင်းကြား (ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးဧရိယာ ၁) တွင် ၂၄ ကောင်၊ ထီးချိုင့်-ကသာ-ရွှေကူ (ဧရာဝတီလင်းပိုင်ထိန်း သိမ်းရေးဧရိယာ ၂) အပါအဝင် ကန့်ဘလူမြို့နယ် မလယ်နှင့် ကချင်ပြည်နယ် ရွှေကူမြို့ကြား တွင် ၃၄ ကောင် နှင့် ဗန်းမော်မြို့နယ်တွင် ၁၄ ကောင် စုစုပေါင်း ၇၂ ကောင်ကို သုသေနပြုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ၃ ကောင် သေဆုံးမှုရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် ၁ ကောင် သေဆုံးခဲ့ပါတယ်၊ ဧရာဝတီလင်းပိုင် အကောင်ငယ်ပေါက်ဖွားမှုများကိုလည်း တွေ့ရှိခဲ့ပါတယ်ဟု ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးတာဝန်ခံ ဦးကျော်လှသိန်း က ပြောပြသည်။
သန်းဇော်မင်း(ပြန်/ဆက်)