ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ထားဝယ် ဇွန် ၁၉

ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန်နှင့် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များကို ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် စာအုပ်စာစောင်များကို တင်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသား/သူများအား သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်း ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသား/သူများ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ ရသ စာအုပ်စာစောင်များကို ငှားရမ်းပေးခဲ့ရာ ကျောင်းအုပ်ဆရာကြီး က ကူညီဆောင်ရွက်ခဲ့ပြီး စာပေဝါသနာရှင်များနှင့် စာဖတ်ပရိသတ်များ ငှားရမ်းဖတ်ရှုလိုပါက ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မည်သူမဆိုအခမဲ့ လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရွေ့လျားစာကြည့်တိုက် Mobile Library Bus တွင် ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ (၃၅၀)အုပ်ပါရှိပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို (၃)ရက်လျှင် တစ်ကြိမ်လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)