မိုင်းယောင်း ဖေဖော်ဝါရီ ၂၃
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နွေစပါးနှင့် ဆောင်းသီးနှံစိုက်ပျိုးသူများ အောင်မြင်ဖြစ်ထွန်းသဖြင့် တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ယခုနှစ်တွင် မိုင်းယောင်းမြို့နယ်အတွင်း နွေစပါးအဖြစ် အထွက်ကောင်းမွန်သည့် နယူးဧရာဝမ်း စပါးမျိုးများကို အဓိကစိုက်ပျိုးခဲ့သဖြင့် စပါးများ အောင်မြင်ဖြစ်ထွန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မိုင်းယောင်းမြို့နယ်သည် ဆန်စပါးကို အဓိကစိုက်ပျိုးသော မြို့နယ်ဖြစ်ပြီး နွေစပါးစိုက်ပျိုးရေးအတွက် အရေးကြီးသော ရေရရှိရန်၊ ရေစီးရေလာကောင်းမွန်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်းနှင့် တာဝန်ရှိသူတို့က နမ့်မိန်ချောင်းနှင့် ရေသွယ်မြောင်းကြီး များ ပြုပြင်ပေးသဖြင့် အဆင်ပြေစွာ စိုက်ပျိုးနိုင်ခဲ့ခြင်းဖြစ်သည်။
မိုင်းယောင်းမြို့နယ်၌ နေရာအများအပြားတွင် နွေစပါးအပြင် ငရုတ်၊ ဂျင်း၊ ကြက်သွန်နီ/ဖြူ၊ နနွင်း၊ မုန်ညင်း၊ မုံလာ၊ ကိုက်လန်၊ ကန်စွန်း၊ ချဉ်ပေါင်၊ ခရမ်း၊ ရုံးပတီ၊ ဖရုံ၊ ဘူး စသည့် ဆောင်းသီးနှံများကိုလည်း စိုက်ပျိုးခဲ့ကြသည်။စပါးမျိုးကောင်းများ စိုက်ပျိုးခြင်းအပြင် တောင်သူလယ်သမားများသည် မိရိုးဖလာစိုက်ပျိုးလာကြရာမှ ခေတ်မီစိုက်ပျိုးစနစ်ကို နားလည်လာကြပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်း၍ စက်ယန္တရားများ အသုံးပြုကာ စိုက်ပျိုးလျက်ရှိကြောင်း၊ စက်ယန္တရားများ အသုံးပြုသဖြင့် အချိန်ကုန် ငွေကုန်သက်သာပြီး လယ်ယာမြေလုပ်ငန်းတွင် ကြုံတွေ့နေရသော လုပ်သားရှားပါးမှု အခက်အခဲကိုလည်း ပြေလည်စေကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့်လည်း တောင်သူများထံသို့ စပါးအထွက်နှုန်းကောင်းစေသည့် နယူးဧရာဝမ်း မျိုးကောင်းမျိုးသန့် စပါးမျိုးများ ဖြန့်ဝေပေးသည့်အပြင် မြေနမူနာယူခြင်း၊ PH တိုင်းတာခြင်းများ၊ သီးနှံကာကွယ်ရေးလုပ်ငန်းစဉ်အနေဖြင့် ပိုးမွှားရောဂါ မကျရောက်အောင် ကာကွယ်နည်းများ၊ အပင်အားကောင်းစေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများကို ပေါင်းစပ်ကြဲပက်နည်း ပညာပေးဆွေးနွေးခြင်းများနှင့် ဘက်စုံပိုးမွှားရောဂါကာကွယ်နည်း၊ အီးအမ်ဘိုကာရှီ မြေဆွေးပုံပြုလုပ်နည်း လက်တွေ့ပြသခြင်းများကို စပါးအဓိကစိုက်ပျိုးသည့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)