ငါန်းဇွန် ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယနေ့ နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် မြေစိုက်ဘုတ်၊ နံရံကပ်စာစောင်နှင့် သုတရသစာအုပ်စာစောင်များ ပြသခြင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမများနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးရှေ့ရှိ မြေစိုက်ဘုတ်နှင့် နံရံကပ်စာစောင်တို့တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး ပူးပေါင်းကာကွယ်စောင့်ရှောက်ပေး စသည့် အသိပညာပေးအကြောင်းအရာများကို လေ့လာကြည့်ရှုကြပြီး ပြည်သူ့စာကြည့်တိုက်အတွင်း ပြသထားသော စာအုပ်စာစောင်များအား လေ့လာဖတ်ရှုကြသည်။
ထို့နောက် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက မူးယစ်ဆေးဝါးနှင့် လူငယ်များခေါင်းစဉ်ဖြင့် လူငယ်များအနေဖြင့် မူးယစ်သားကောင် ဖြစ်ရသည့်အကြောင်းရင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မှန်ကန်သော ဘဝရည်မှန်းချက်ထားရှိပြီး ရည်မှန်းချက်အောင်မြင်ရေးအတွက် မူးယစ်အန္တရာယ်ကင်းဝေးပြီး ပညာရည်ပြည့်ဝအောင် ကြိုးစားကြရန် ကျောင်းသား၊ ကျောင်းသူများအား ရှင်းလင်း ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)