ဝမ်းတွင်း ဇွန် ၂၁
လူငယ်လူရွယ်များ ဗဟုသုတများတိုးပွားစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို ယနေ့နံနက်ပိုင်းက ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်က စာစီစာကုံးပြိုင်ပွဲ စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာစီစာကုံးပြိုင်ပွဲကို မူးယစ်အန္တရာယ်၊ လူငယ်နှင့်မူးယစ်ဆေးဝါးစသည့် ခေါင်းစဥ်များဖြင့် ကျင်းပြခဲ့ရာ ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများသို့ ဦးစီးအရာရှိ ဒေါ်မူမြစော၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ကောလိပ်ကြည်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး ခင်းကျင်းပြသထားသော နံရံကပ်ပြပွဲ၊ ဓါတ်ပုံပြပွဲ၊ စာအုပ်ပြပွဲများကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။
ကိုရဲ(ဝမ်းတွင်း)