မိုင်းဆတ် ဇွန် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ(၁)နာရီခွဲက အ.ထ.က(ခွဲ၊လ-၁)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးနိုင်လင်းထွန်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ငယ်ရွယ်စဉ်အချိန်မှစ၍ ဘဝရည်မှန်းချက်ပန်းတိုင်ထားရှိသင့်ကြောင်း၊ မိမိတို့ရည်မှန်းချက်အတိုင်း အောင်မြင်မှုရရှိအောင် ကျောင်းသင်ခန်းစာအပြင်၊ ပြင်ပဗဟုသုတများကို အစဉ်အမြဲ ကြိုးစား လေ့လာသင်ယူသင့်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မိုင်းဆတ်ခရိုင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးရဲတပ်ဖွဲ့မှ ရဲမှူးကျော်သူက မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု၊ ပြစ်ဒဏ်များ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိနိုင်သည့် ဆိုးကျိုးများကိုလည်းကောင်း၊ မိုင်းဆတ်ခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ရဲအုပ်စည်သူဆွေက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာများကို လည်းကောင်း၊ မိုင်းဆတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မျိုးမျိုးသွယ်က မူးယစ်ဆေးဝါးများကို အရှိန်အဟုန်ဖြင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းလက်တွဲကာ အမျိုးသားရေးအသွင်ဖြင့် ကာကွယ်တိုက်ဖျက်သွားရမည် မူးယစ်ဆေးဝါးဆိုင်ရာ အကြောင်း အရာများကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးမြင့်က ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေဆိုင်ရာများကိုလည်းကောင်း၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၃)မိုင်းဆတ်မှ ဒုတိယရဲမှူးလှဘုန်းက လူကုန်ကူးခံရမှု တားဆီးကာကွယ်ရေးဆိုင်များကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်