မိုင်းပန် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ အတွင်း၌ ယမန်နေ့ နံနက် (၉) နာရီအချိန်က နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း၏ (၂ဝ၂၁-၂ဝ၂၂) ဘဏ္ဍာနှစ်မှ (၂ဝ၂၅-၂ဝ၂၆) ဘဏ္ဍာနှစ်အထိ (၅)နှစ်တာ ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လမ်းအထူးအဖွဲ့(၅)မှ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ) ဦးအောင်မင်းသိန်းက နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်းသည် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့်အတွက် ASEAN Class III (၅.၅) မီတာအကျယ် ကတ္တရာလမ်းအဆင့် ရောက်ရှိရန်အတွက် မူဝါဒများ၊ Mission များနှင့်အညီ (၅)နှစ်စီမံကိန်းအဖြစ် လျာထားဆောက်ရွက်သွားမည် ဖြစ်ကြောင်း ဦးစွာရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၅)နှစ်တာစီမံကိန်း ဆောင်ရွက်မည့် လျာထားချက် လုပ်ငန်းစဉ်များအား ဦးစီးအရာရှိ(မြို့ပြ) ဦးနိုင်လင်းခိုင်နှင့် ဦးကျော်ခိုင်ဦးတို့မှ Road Chart များဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံကိန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့် အတွင်းရေးမှူးတို့က ရှင်းလင်းတင်ပြခဲ့သည့် အကြောင်းအရာများအပေါ်၌ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဆန်းမြင့်(ပြန်/ဆက်)