စဉ့်ကိုင်မြို့နယ် ပညာဓိကာရုံစာသင်တိုက်အတွင်း" ပရိယတ္တိဓမ္မာနုဂ္ဂဟ" စာမေးပွဲကျင်းပ

စဉ့်ကိုင်   ဖေဖော်ဝါရီ     ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာရှိ ပညာဓိကာရုံစာသင်တိုက် ပဓာနနာယကဆရာတော် မဟာဂန္တဝါစက ပဏ္ဍိတဘဒ္ဒန္တကောဝိဒ(နိုင်ငံတော်ဗဟိုသံဃာ့၀န်ဆောင်) ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် " ပရိယတ္တိဓမ္မာနုဂ္ဂဟ"  စာမေးပွဲကို  ယနေ့ မွန်းလွဲ(၁)နာရီက အဆိုပါ  ကျောင်းတိုက် အတွင်းကျင်းပခဲ့သည်။

ပရိယတ္တိဓမ္မာနုဂ္ဂဟ  စာမေးပွဲကိုနာယကစာချဆရာတော် ဘဒ္ဒန္တဟိတဓရ(သာသနာဓဇဓမ္မာစရိယ)နှင့် ဂဏဝါစကအဖွဲ့တို့က ကြီးမှူးကျင်းပခဲ့ပြီး စာမေးပွဲကို စာစုတန်း၊ အခြေပြုတန်း၊ မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်းနှင့် ပထမကြီးတန်းစုစုပေါင်းအတန်း(၆)တန်းမှ စာဖြေသံဃာ (၄၆)ပါး ဖြေဆိုခဲ့ကြသည်။   အဆိုပါ  "ပရိယတ္တိဓမ္မာနုဂ္ဂဟ"စာမေးပွဲကို၁၃၈၁-ခုတပေါင်းလတန်း(၁)ရက်နေ့၊ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ တပေါင်း လဆန်း (၇)ရက်၊ ဖေဖော်ဝါရီလ ၂၉ရက်နေ့ အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး စာအောင်လက်မှတ်နှင့် ဆုများကိုတပေါင်းလပြည့်နေ့ ၂၀၂၀ပြည့်နှစ် မတ်လ ၈ ရက်နေ့ ၌ပညာဓိကာရုံစာသင်တိုက်တွင် ပေးအပ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)