နေပြည်တော် ဇွန် ၂၂
စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့်ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကြီး ဗန်မော်တင်အောင်ရေးသားသည့် “ငဩ”စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ စာရေးဆရာမကြီးတင်ရီမ(ညောင်ဦး)က စာပေဘဝဖြတ်သန်မှုနှင့် စာပေးရေးသားမှုများကို ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၊ ပါမောက္ခ ဒေါက်တာ ထူးလာ၊ စာရေးဆရာမ ဇင်(ရန်ကုန်တက္ကသိုလ်)၊ စာရေးဆရာ အောင်ဆွေထက်(ချွေးမြို့တော်)၊ စာရေးဆရာမ မေချို(ပျဥ်းမနား)၊ စာရေးဆရာအိုင်ပီမျိုးအောင်၊ စာရေးဆရာ သဘာဝ၊ စာရေးဆရာ မောင်အောင်ဝေ (ညောင်ခြေထောက်)၊ စာရေးဆရာ ဟန်ညွန့် (ယဥ်ကျေးမှု)၊ စာရေးဆရာ ရဲမွန်ကျော် စာရေးဆရာ နွေဦးကိုကို(နေပြည်တော်)၊ စာရေးဆရာ မောင်လေပြေ(တောင်တွင်း)၊ စာရေးဆရာ ရွှေပြည်စိုး (မိုးကုတ်)၊ စာရေးဆရာ ခိုင်မင်း(နေပြည်တော်)၊ စာရေးဆရာမ လုံမငယ်(လူမှု)၊ စာရေးဆရာ ချယ်ချယ်(YU)၊ စာရေးဆရာ ယုံလေး၊ ကာတွန်းအောင်ကျော်၊ စာရေးဆရာ မောင်ကျော်စော၊ စာရေး ဆရာ မောင်သန်းညွန့်(မြစ်ခြေ) စာရေးဆရာမ သီရိမေနှင့် စာပေဝါသနာရှင် များက စာရေးဆရာကြီး ဗန်မော်တင်အောင်ရေးသားသည့် ''ငဩ'' စာအုပ်အားဖတ်ရှု၍ မိမိတို့၏ရှုထောင့်အသီးသီးမှ သုံးသပ်ဆွေးနွေးခဲ့ပြီး စာရေးသူ၏ ခံစားမှုရသများကို အပြန်အလှန် ဆွေးနွေးဖလှယ်ခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုနယ်မြေ စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ စာအုပ်လှူဒါန်းပွဲကို ကျင်းပရာ စာရေးဆရာမကြီး တင်ရီမ(ညောင်ဦး)က ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များအတွက် ပခုက္ကူတစ်သက်တာစာပေဆုရ အမေတင်ရီမ(ညောင်ဦး) မွေးနေ့အထိမ်းအမှတ်စာအလင်္ကာများ စာအုပ်များကိုလည်းကောင်း၊ ပြည်ထောင်စုနယ်မြေစာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့မှ စာအုပ်စာစောင်များကိုလည်းကောင်း တက်ရာက်လာကြသည့် ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများအား ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)