ကျောက်တလုံးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်

ကျောက်တလုံးကြီး ဇွန် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် (၉) နာရီခွဲက ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီးမြို့ ဦးစီးမှူး ဒေါ်သန္တာဝင်းက လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောပြီး အ.ထ.က‌ ကျောက်တလုံးကြီး ကျောင်းသား/သူများအတွက် စိတ်ကြိုက်ပန်းချီပြိုင်ပွဲ၊ မူးယစ်ဆေးဝါး အသိပညာပေးဆိုင်ရာ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲ၊ အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ၊ အသိပညာပေး နံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကျောက်တလုံးကြီးမြို့ ဦးစီးမှူးနှင့် ဆရာမများက ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုတံဆိပ်များ ချီးမြှင့်ပေးခဲ့ကြကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေး လုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇော်နိုင်လင်း