ဟိုပုံး ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်အေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးမှ ဦးစီးအရာရှိ ဒေါ်နန်းခမ်းခြူးက မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးများသုံးစွဲခြင်းမှ ရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဆင့်ရုံးမှ ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၃၇) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီးနောက် ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် နံရံကပ်ဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)