ပျဉ်းမနား ဇွန် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရုံးမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် စာရေးဆရာ နွေဦးကိုကိုက ကျန်းပန်းစကားပြောပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာရေးဆရာ ခိုင်မင်း (နေပြည်တော်) က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ စိတ်ကြွရူးသွပ်ဆေးပြား မြန်မာနိုင်ငံသို့ရောက်ရှိလာခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်းမှရရှိလာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များနှင့် မူးယစ်ဆေးဝါးပပျောက်ရေး ဦးစားပေးလုပ်ငန်းများအကြောင်းအား ဟောပြောဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ရန်စွယ်မူးယစ် တိုက်ဖျက်ပစ်၊ ဆေးဝါးမူးယစ်တိုက်ဖျက်ပစ်၊ မူးယစ်ဆေးဝါးတို့ရှောင်ရှား၊ လူငယ်နှင့်မူးယစ်ဆေးဝါး၊ မူးယစ်ဆေးဝါးအန္တရာယ် တို့ကာကွယ်၊ ရှောင်လေဝေးဝေးမူးယစ်ဆေး စသည့်ခေါင်းစဉ်များဖြင့် ကျပန်းစကားပြောပြိုင်ပွဲတွင် အသီးသီးပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးမှူး ဦးဇော်မင်းလွင်နှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် စာရေးဆရာ အိုင်ပီမျိုးအောင်က ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများအား သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ ကျောင်းသူများအား ဖြန့်ဝေပေးခြင်း၊ မူးယစ်ဆေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းနှင့် စာအုပ်စာစောင်များပြသခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)