ပျော်ဘွယ် ဇွန် ၂၅
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ယခုလိုနေ့ထူးနေ့မြတ်အဖြစ် ကျင်းပပြုလုပ်သည့် ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူ များပါဝင်ယှဉ်ပြိုင်ခဲ့သည့်အတွက် များစွာဂုဏ်ယူမိပါကြောင်း၊ နောင်လာမည့်ပြိုင်ပွဲများတွင်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေလေ့လာဖတ်ရှုရေးတို့ကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပညာရေးမှူး ဦးအောင်သိန်းထွန်းက ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ရမည်းသင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုး၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြကြေးမုံနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများက ၎င်းတို့ရေးဆွဲထားသည့် ပန်းချီအကြောင်းအရာနှင့် ရည်ရွယ်ချက်များကို ပြန်လည်ရှင်းလင်းတင်ပြကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေး စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို အခမ်းအနားသို့တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)