တံတားဦး ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းတို့ပူးပေါင်းပြီး စာရေးဆရာ နတ်သျှင် (ရွှေဂူ) ရေးသားသော “လူငယ်များကို ပျိုးထောင်ပေးပါ” စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေ (၃) နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းတွင် တံတားဦးမြို့နယ် ပြန်ကြားရေးရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ ယနေ့လူငယ် နောင်ဝယ် လူကြီးဆိုသည့်စကားအတိုင်း ယနေ့လူငယ်များသည် နောင်အနာဂတ်၏ခေါင်းဆောင်များဟုဆိုလျှင် မှန်မည်ဖြစ်ပါကြောင်း၊ ငယ်စဉ်အခါ ပညာမရှာခဲ့လျှင် ကြီးလာသောအခါ ဆင်းရဲဒုက္ခရောက်မည် ဖြစ်ကြောင်းနှင့် စာအုပ်ပါအကြောင်းအရာများဖြစ်သည့် “မိတ်ဆွေကောင်းနှင့်ခရီးသွားပါ” နှင့် “ငြိမ်းချမ်းသော မိသားစုဆီသို့” စသည့်အကြောင်းအရာများကိုလည်းကောင်း၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းအဖွဲ့ဝင် ဦးရာဇာညီညီက “လူငယ်များကို ပျိုးထောင်ပေးပါ”၊ “စာဖတ်ခြင်း အတတ်ပညာ” နှင့် “လူငယ်နှင့်အချိန်၏တန်ဖိုး” စသည့်အကြောင်းအရာများကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များက အပြန်အလှန် ဆွေးနွေးခဲ့ ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းသို့ မြို့နယ်စာအုပ်စာစောင်ချစ်နိုးသူများအသင်းဝင်များ၊ မြို့နယ်အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။
ရဲတင့် (ပြန်/ဆက်)