သာစည် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း (သာစည်မြို့နယ်အသင်း) တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲများနှင့်ပြပွဲများကို ဇွန် ၂၆ ရက်နေ့က သာစည်မြို့အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲများကို နံနက်ပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့စိမ်းက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါဆန့်ကျင်ရေးအသင်း (သာစည်မြို့နယ်အသင်း) ဥက္ကဋ္ဌ ဦးဝင်းအောင် (ဒုရဲမှူးကြီးငြိမ်း) နှင့် အတွင်းရေးမှူး ဦးခင်မောင်ဝင်းတို့က မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး အသိပညာပေး ပြောကြားကာ စာရေးဆရာခန့်စစ်အောင်က သုတရသစာပေများနှင့် စာဖတ်ခြင်း အကျိုးကျေးဇူး များကို အသိပညာပေးပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်သည်။ ထို့နောက် တက်ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ထုတ်ဝေသော သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မူးယစ်ဆေးဝါး အသိပညာပေးနံရံကပ်စာစောင်များ၊ ဓာတ်ပုံများနှင့် အသိပညာပေးစာအုပ်များ ပြသခဲ့ကြောင်း သိရသည်။
အလားတူမွန်းလွဲပိုင်းတွင် အမှတ် (၂) ရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မီးရထား၌ မူးယစ်ဆေးဝါး အသိပညာပေးဟောပြောခြင်းများ၊ ပြပွဲများနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများပြုလုပ်ရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက စာဖတ်ကြရန်နှင့် စာကြည့်တိုက်သို့ဖိတ်ခေါ်ခြင်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)