ကွန်ဟိန်းမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပ

ကွန်ဟိန်း ဇွန် ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါသင်တန်းကျောင်း ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးသိန်းဇော်က မူးယစ်ဆေးဝါးအကြောင်းကိုလည်းကောင်း၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး သန်းဝင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် Online လိမ်လည်မှုမခံရစေရေး အကြောင်းကိုလည်းကောင်း၊ ရဲတပ်ကြပ် ပြည့်ဖြိုးသူက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အကြောင်းကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှဥပဒေအရာရှိ ဦးဇင်ကိုမင်းက ပဠိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကာကွယ်ရေးနှင့် ဥပဒေဆိုင်ရာအကြောင်းကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးက သတင်းအမှား၊ အမှန်ခွဲခြား သုံးသပ်နိုင်ရေးနှင့် ဆိုရှယ်မီဒီယာအကြောင်းကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောခဲ့သည်။

ထိုနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင် များကို တက်ရောက်လာသော ဆရာမများနှင့်သင်တန်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)