ထားဝယ် ဖေဖော်ဝါရီ ၂၃
ဒိန်းမတ်- မြန်မာလူ့အခွင့်အရေးနှင့်တရားဥပဒေစိုးမိုးရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ Diamond Crown Hotel ၌ ပြုလုပ်ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့် က ဥပဒေအရာရှိများအနေဖြင့် မိမိတို့၏ ဥပဒေအရာရှိ ကျင့်ဝတ်ကို လေးစားစွာ လိုက်နာကျင့်သုံးကြ ရမှာဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးက အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံး၊ ရုံးစိုက်ရာ ဒေသများတွင် ဘာသာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများကို ကျင်းပနေသည်ကိုတွေ့ရမှာဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေဖြင့် အလုပ်ရုံဆွေးနွေးပွဲမှ ဆွေးနွေးမှုများကိုလေ့လာပြီး ပါဝင်ဆွေးနွေးကြရန်နှင့် မေးမြန်းဆွေးနွေးကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးနှင့် နန်းဆုမွန်သာတို့က လုပ်ဆောင်မှုနှင့်တာ၀န်၀တ္တရားဆိုင်ရာ နိုင်ငံတကာစံနှုန်းများအကြောင်း၊ တရားစီရင်ရေးစနစ်တစ်ခုလုံးတွင် တရားစီရင်ရေးစနစ်၏ လွတ်လပ်မှုနှင့် လွတ်လပ်မှု၏ အရေးကြီးမှုအကြောင်း၊ အစိုးရရှေ့နေများ၏ အခန်းကဏ္ဍနှင့် ကျင့်၀တ်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအကြောင်း၊ အပြည်ပြည်ဆိုင်ရာတရားမျှတသောတရားစီရင်မှုအကြောင်း ၊ တရားခွင်အခွင့်အရေးများ အစိုးရရှေ့နေများအတွက် တရားမျှတသော တရားစီရင်ပိုင်ခွင့် အခွင့်အရေး၏ အဓိကအချက်များ၊ တရားစွဲဆိုမှု၊ တရားမျှတသောစစ်ဆေးမှုနှင့် အတွေ့အကြုံ စိန်ခေါ်မှုများအကြောင်း စသည့်တိုကို ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများ၊ တရားလွှတ်တော်ရှေ့နေရုံးမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်ဥပဒေအရာရှိများ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ ယနေ့တွင် တိုင်းဒေသကြီးဥပဒေချုပ် ဦးစိုးမြင့်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးဥပဒေဆိုင်ရာ အထောက်အကူပြုရေးအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့၊ လူမှုရေးအဖွဲ့နှင့် ဖိတ်ကြားထားသူများတို့က CEDAW နှင့် ပတ်သက်သော သိကောင်းစရာများ ၊ CEDAW ဖြစ်ပေါ်လာပုံနှင့် ပါဝင်သောအချက်များ စသည့်တိုကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထားဝယ်ခရိုင်(ပြန်/ဆက်)