တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်

ထားဝယ် ဇွန် ၂၇

၂၀၂၃-၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုသကဲသို့ နောင်တစ်ချိန်တွင် နိုင်ငံတော်၏ တာဝန်များကို လွှဲပြောင်းထမ်းဆောင်ကြရမှာဖြစ်သည့်အတွက် ထူးချွန်သည့် လူတော်လူကောင်းများဖြစ်လာကြစေရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ပညာတတ်မြောက်မှသာလျှင် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြား သုံးသပ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပညာရဲရင့် ပွဲလယ်တင့်ပညာရွှေအိုး လူမခိုးဆိုသကဲ့သို့ ပညာ၏တန်ခိုး၊ ပညာ၏တန်ဖိုးမှာကြီးမားသောကြောင့် ကြိုးစားသင်ယူလေ့လာကြစေလိုကြောင်း၊ နိုင်ငံတော်ကပညာရေး ရင်းနှီးမြှုပ်နှံမှုကို အလေးထား အားပေးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသော ပညာတတ်များ ပေါများလာရေး၊ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး စဉ်ဆက်မပြတ်ပညာသင်မှု အခွင့်အလမ်းရရှိရေးကို အထူးလေးပေးဆောင်ရွက်လျက်ရှိကြောင်း၊ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယမိနှင့်ဖဆိုသကဲ့သို့ မိဘအားလုံး ကလေးပညာရေးကောင်းမွန်ရေး၊ ကျောင်းနေအရွယ်ကလေးများ ကျောင်းပြင်ပမရောက်ရှိရေး၊ တက္ကသိုလ်တွင် အဆင့်မြင့်ပညာရပ်များကို လေ့ကျင့်သင်ကြားရေးစသည့် အဓိကရည်မှန်းချက်များဖြင့် နိုင်ငံတော်အတွက် အားကိုးအားထားရသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်ပါစေကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့က  တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ဝန်ထမ်းသား/သမီး (၆)ဘာသာဂုဏ်ထူးရှင် (၁)ဦးအား (၁)ဘာသာလျှင် (၂)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၁၂)သိန်း၊ (၂)ဘာသာဂုဏ်ထူးရှင် (၁)ဦးအား (၁)ဘာသာလျှင်(၂)သိန်းနှုန်းဖြင့် ငွေကျပ်(၄)သိန်း၊ (၁)ဘာသာဂုဏ်ထူးရှင် (၂)ဦးအား (၂)သိန်းနှုန်းဖြင့် ငွေကျပ်(၄)သိန်း၊ ရိုးရိုးအောင်မြင်သူ (၇)ဦးအား ငွေကျပ် (၁)သိန်းနှုန်းဖြင့် ငွေကျပ် (၇)သိန်း၊ စုစုပေါင်း ချီးမြှင့်ငွေကျပ် (၂,၇၀၀,၀၀ဝိ/-) (ကျပ်နှစ်ဆယ့်ခုနှစ်သိန်းတိတိ)အား ဂုဏ်ပြုချီးမြှင့် ထောက်ပံ့ပေးအပ်ပြီး Petro and trans ကုမ္ပဏီလီမီတက်နှင့် P.T.C ကုမ္ပဏီလီမီတက် တို့က ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများအား ငွေကျပ်သိန်း (၂၀)အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ (၆)ဘာသာဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည့် မောင်မိုးမြင့်ထက်အောင်က ဂုဏ်ထူးများဖြင့် အောင်မြင်အောင် ကြိုးစားခဲ့မှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)