ကျုံပျော် ဇွန် ၂၈
ဇူလိုင်လ (၃) ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြု၍ အမျိုးသမီးများ၏ဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော ဆပ်ပြာဆီလုပ်နည်းသင်တန်းကို ကျုံပျော်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်သည်။
ရှေးဦးစွာ အမျိုးသမီးရေရာအဖွဲ့ဝင် ဒေါ်သွယ်သွယ်မိုးက အမျိုးသမီးများအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့်အကျိုးရှိသည့် လုပ်ငန်းများ ဆောင်ရွက်တတ်စေရန်၊ အမျိုးသမီးများဘဝ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်နှင့် လက်မှုအတတ်ပညာများ တတ်ကျွမ်းစေရန်ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် သင်တန်းဆရာမက ဦးဆောင်ကာ ဆပ်ပြာဆီပြုလုပ်ပုံနည်း အဆင့်ဆင့်အားရှင်းလင်းပြောကြား၍ သင်တန်းတက်ရောက်သူများအား လက်တွေ့သင်ကြားပြသခဲ့သည်။ အဆိုပါ သီးစုံသဘာဝဆပ်ပြာဆီသည် ဓာတုဗေဒပစ္စည်း ပါဝင်ခြင်းမရှိဘဲ သဘာဝအသီးအရွက်များကိုသာ အသုံးပြုထားသောကြောင့် ဘေးထွက် ဆိုးကျိုးကင်းပြီး၊ ကျန်းမာရေးနှင့်ညီညွတ်ကြောင်း၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူများ အတွက်လည်း ဝင်ငွေရရှိနိုင်ကြောင်း သိရသည်။
အဆိုပါ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)