မိုးနဲမြို့တွင် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်

မိုးနဲ   နိုဝင်ဘာ   ၁၅

၂ဝ၂ဝ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲ မြို့နယ်ရှိ မဲရုံများ၌ လုံခြုံရေးဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၅ ရက်နံနက် ၁၀ နာရီအချိန်က မြို့နယ်ကမ္ဘောဇခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထက် က နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အထူးရဲအဖွဲ့ဝင်အဖြစ် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာများကို ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနီဝင်နှင့် တာဝန်ရှိ သူများက အထူးရဲတပ်ဖွဲ့ဝင် တစ်ဦးချင်းစီကို အသီးသီး ပေးအပ်ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မိုးနဲမြို့နယ် (ကျိုင်းတောင်းမြို့ အပါအဝင်) မဲရုံ ၃၁ ရုံတွင် တာဝန်ထမ်းဆောင်ခဲ့သော အထူးရဲတပ်ဖွဲ့ဝင် ၃၁ ဦးရှိကြောင်း သိရသည်။ 

မျိုးညွန့်ရွှေ (မိုးနဲ)