ဘိုကလေး နိုဝင်ဘာ ၁၅
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန် ဝင်ငွေမရှိသည့် အခြေခံ အိမ်ထောင်စုများအား ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ နိုဝင်ဘာ (၁၃) ရက်နေ့တွင် အဆိုပါ ထောက်ပံ့ ငွေများကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအား အခြေခံ အိမ်ထောင်စု (၁)စုလျှင် ငွေကျပ်(၂)သောင်းနှုန်းဖြင့် လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ နိုဝင်ဘာ (၁၄) ရက်နေ့မှ စတင်၍ ရပ်ကွက်/ကျေးရွာ အတွင်းရှိ အခြေခံ အိမ်ထောင်စု များအား တစ်အိမ်ထောင်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်း ဆက်လက်ထောက်ပံ့ ပေးခဲ့ကြောင်း၊ ယခု ထောက်ပံ့ ပေးအပ်သည်မှာ စတုတ္ထအကြိမ်မြောက် ဖြစ်ကြောင်းနှင့် ဘိုကလေးမြို့နယ်တွင် ထောက်ပံ့ပေးအပ်သည့် အခြေခံအိမ်ထောင်စု (၃၅၇၀၁)စု ရှိကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနမှ သိရသည်။
မိုးစက်(ဘိုကလေး)