ဘိုကလေးမြို့နယ် အဖြူရောင်နှလုံးသားများအဖွဲ့မှ PPE ဝတ်စုံများ နှင့် အောက်ဆီဂျင်ဘူးများ လှူဒါန်း

ဘိုကလေး  နိုဝင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အဖြူရောင်နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့မှ ယမန်နေ့ ညနေ(၄)နာရီအချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ ဗြူးစခန်းကျေးရွာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့နှင့် သုခဝေဖြာပရဟိတဖောင်ဒေးရှင်းသို့ ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရေး အတွက် PPE ဝတ်စုံများနှင့် အောက်ဆီဂျင်ဘူးများအား ပေးအပ်လှူဒါန်းခဲ့သည်။

လှူဒါန်းပေးအပ်ရာတွင် ဗြူးစခန်းကျေးရွာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပရဟိတအဖွဲ့သို့ PPEဝတ်စုံ(၁၀)စုံ ၊ အောက်စီဂျင်ဘူး(၅)ဘူးနှင့် သုခဝေဖြာ ပရဟိတအဖွဲ့သို့ PPEဝတ်စုံ(၅)စုံ ၊အောက်ဆီဂျင်ဘူး(၁၀)ဘူး လှူဒါန်းပေးအပ်ခဲ့ကြောင်း၊ အလှုရှင်အဖွဲ့အား ပရဟိတ အသင်းများမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ် ခဲ့ကြောင်း၊ အဖြူရောင်နှလုံးသားများ လူမှုအကျိုးပြုအဖွဲ့သည် စေတနာရှင်များစုပေါင်းမှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နေသည့် ကာလအတွင်း မြို့နယ်အတွင်းမှ စားဝတ်နေရေး ခက်ခဲလှသည့် အိမ်ထောင်စုများ အား စားသောက်ဖွယ်ရာများ ချက်ပြုတ်လှူဒါန်းလေ့ရှိသည့်အပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်အားဖြည့်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)