ဖယ်ခုံ နို၀င်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး တာ၀န်များ ဆောင်ရွက်ခဲ့သည့် အထူးရဲတပ်ဖွဲ့၀င်များအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၏ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ဖယ်ခုံမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟနေသွေးက အမှာစကားပြောကြားပြီး ခေတ္တမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးဌေးအောင်က အထူးရဲ သင်တန်းသားများအား ချီးကျူးဂုဏ်ပြုစကားပြောကြားသည်။ ထို့နောက် တာ၀န်ရှိသူများက အထူးရဲတပ်ဖွဲ့၀င်များအား ရဲချုပ်၏ ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ခဲ့ကြသည်။
အထူးရဲတပ်ဖွဲ့၀င်များအနေဖြင့် တာ၀န်နှင့်၀တ္တရားများကို ရဲတပ်ဖွဲ့များနည်းတူ တာ၀န်ချထားသည့် နေရာဒေသတွင် တာ၀န်ထမ်းဆောင်ခဲ့ကြပြီးဖြစ်ကြောင်း၊ အထူးရဲတာ၀န် ထမ်းဆောင်သည့် ၄၅ ရက်တာ ကာလအတွင်း အမြဲတမ်း ခန့်အပ်ခြင်းခံရတဲ့ ရဲတပ်ဖွဲ့၀င်များနည်းတူ လစာနှင့်ရိက္ခာများ ခံစားခွင့်ရရှိခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
ဖယ်ခုံမြို့နယ်၌ မဲရုံပေါင်း ၁၁၀ ရှိခဲ့ပြီး အထူးရဲတာ၀န်ထမ်းဆောင်ခဲ့သူ ၁၁၀ ဦးတို့မှ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေးတာ၀န်များ ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်မှ ဂုဏ်ပြုမှတ်တမ်း လွှာများ ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဖိတ်ကြားထား သော ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ အထူးရဲတပ်ဖွဲ့၀င်များ တက်ရောက် ခဲ့ကြသည်။
မောင်မောင်ထွေး(ပြန်/ဆက်)