ထားဝယ် ဇူလိုင် ၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အပတ်စဉ်(၃၁)ဂျူတီကုတ်နှင့်ဦးဆောင်းအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရာ၌ အလွန်အရေးပါသော သူနာပြုဆရာ/ဆရာမများအဖြစ် မွေးထုတ်မည့်သူနာပြုဆရာ/ဆရာမ လောင်းလျာများအတွက် အရေးကြီးလှသည့် ဂုဏ်ယူဖွယ်အခမ်းအနားတစ်ခုလည်းဖြစ်ကြောင်း၊ သူနာပြုဆိုသည် ကျန်းမာရေးကဏ္ဍတွင် များစွာအရေးပါသော လုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊ ကရုဏာကြီးမားပြီး ကိုယ်ကျိုးစွန့်အနစ်နာခံတတ်ခြင်း၊ စိတ်ထားမွန်မြတ်ခြင်း၊ အပင်ပန်းဆင်းရဲခံနိုင်ခြင်းစသည့် အင်္ဂါရပ်များနှင့် ထူးကဲစွာပြည့်စုံသူများသာ ထမ်းဆောင်နိုင်သည့်တာဝန်မျိုးသာဖြစ်ကြောင်း၊ သူနာပြုနှင့်သားဖွားပညာရေးကိုလည်း ဒီပလိုမာသင်တန်းမှသူနာပြုသိပ္ပံဘွဲ့၊ သူနာပြုမဟာသိပ္ပံဘွဲ့လွန်သင်တန်းများ၊ သူနာပြုပါရဂူ ဘွဲ့လွန်သင်တန်းများကို ပြည်တွင်းရော ပြည်ပမှာပါ လေ့လာသင်ယူနိုင်ကြောင်း ၊ သင်ကြားရေးအပိုင်းမှာ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်နှင့်အညီ အရည်အသွေးပြည့်ဝသည့် သူနာပြုသားဖွားများမွေးထုတ်ပေးနိုင်ရေး အရေးကြီးကြောင်း၊ နိုင်ငံတော်က အရည်အသွေးပြည့်မီသောကျန်းမာရေးစောင့်ရှောက်မှုနှင့် အဆင့်အတန်းမြင့်မားစေရေး ဆောင်ရွက်ရာတွင် ပြည်သူများအားထားရသည့်အရည်အချင်းရှိသော ဘက်စုံတော်သည့်သူနာပြုကောင်းများ လေ့ကျင့်မွေးထုတ်ပေးရမှာဖြစ်ကြောင်း၊ မိမိတို့၏အသက်မွေးဝမ်းကြောင်းအတတ်ပညာရပ်ဖြစ်သော သူနာပြုပညာရပ်ကိုမွန်မြတ်သော လုပ်ငန်းအဖြစ်ရေရှည်အောင်မြင်စေရန်အတွက် အထူးအလေးထားကြိုးစားဆောင်ရွက်ကြပါရန်နှင့် ဖလော့ရင့်နိုက်တင်ဂေးကဲ့သို့ သူနာပြုများစွာပေါ်ထွန်းလာပါစေကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကုသရေး/ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ (ခေတ္တတိုင်းဦးစီးမှူး) ထားဝယ်သူနာပြုသင်တန်းကျောင်း(စီမံဥက္ကဋ္ဌ)ဒေါက်တာမိုးဇောက အမှာစကားပြောကြားပြီး ထားဝယ်သူနာပြုသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဒေါ်သင်းသင်းလှိုင်က(Coating and Capping)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက အပတ်စဉ်(၃၁)သင်တန်းသား/သူ(၆၈)ဦးအား ဂျူတီကုတ်အင်္ကျီနှင့် ဦးဆောင်းအပ်နှင်းသည်။
ဆက်လက်၍ ကျောင်းအုပ်ကြီး၊ ကျောင်းအုပ်(စီမံ)နှင့်ကျောင်းအုပ်(သင်ကြား)တို့ထံမှ လက်ဆင့်ကမ်းဆီမီးတိုင်များထွန်းညှိ၍ သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က (ပထမ၊ ဒုတိယ၊ တတိယ)ပညာရည်ချွန်ဆုရရှိသူများအား ဆုချီးမြှင့်ကာ ထားဝယ်သူနာပြုသင်တန်းကျောင်းအတွက် ထောက်ပံ့ငွေကျပ်(၅၀)သိန်းအား ပေးအပ်သည်။
ထို့နောက် အပတ်စဉ်(၃၁)သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများက သင်တန်းသား/သူများနှင့် စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)