တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏(၃/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဇူလိုင် ၂

တနင်္သာရီတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ (၃/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအနေဖြင့်ဒေသတွင်းက ခရီးစဉ်နေရာအသီးသီးတွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍစနစ် တကျ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်အတွက်ရည်ရွယ်ပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်နိုင်ခဲ့သည်မှာ(၁၄)ကြိမ်မြောက် ရှိပြီ ဖြစ်ကြောင်း၊ ဟိုတယ်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်တည်ဆောက်ခွင့်ပြု (၁၂)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်အသစ်(၁၄)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင်အသစ်(၃)ခု၊ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်အသစ်(၂၄)ခု၊ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်အသစ်(၂)ခု၊ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်(၅၅)ခု၊ ဟိုတယ်လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း(၃၆)ခု၊ အဆင့်မြင့်တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းအတွက်ခွင့်ပြု(၆)ခု၊ ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်သက်တမ်းတိုးခြင်း (၃၀)ခု၊ ဒေသဆိုင်ရာ ဧည့်လမ်းညွှန်လုပ်ငန်းလိုင်စင်သက်တမ်း တိုးခြင်း(၈၁)ခုတို့ကိုဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊  ဟိုတယ်လုပ်ငန်းများကို တစ်လ(၁)ကြိမ် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ကော့သောင်းတွင် ပြုလုပ်ကျင်းပခဲ့သည့် လှေပြိုင်ပွဲများ၊ ခရီးသွားပွဲ တော်နှင့်ပတ်သက်၍ နိုင်ငံတော်က စိတ်ဝင်စားမှုရှိခဲ့ပြီး လာမည့်နှစ်တွင် ကျွန်းများ၌ ပြုလုပ်ရန် လျာထားကြောင်း၊ ယခုလမှ စ၍ကြိုတင်ပြင်ဆင်ထားရှိမည်ဆိုပါက ခရီးသွားရာသီတွင် အောင်မြင်မှာဖြစ်သည့်အတွက် လိုအပ်သော ပြင်ဆင်မှုများ၊ ဝန်ထမ်းစုဆောင်းမှုများ၊ အခန်းပြင်ဆင်မှုများ၊ ခရီးစဉ်ရေးဆွဲခြင်း၊ တစ်ဖက်နိုင်ငံနှင့်ချိတ်ဆက်ပြီးခရီးသည်များလာရောက်နိုင် အောင်ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊ ခရီးသည်များဝင်ရောက်လာပါက အတိုင်းအတာတစ်ခုအထိ တိုင်းဒေသကြီးတွင် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ကော်မတီများအနေဖြင့် ဝိုင်းဝန်းပြီးအကောင်အထည်ဖော် ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ တိုင်းဒေသကြီးတွင်ကျွန်းများ၊ ပင်လယ်ကမ်းရိုးတန်းများ၊ ခရီးသွားလုပ်ငန်း များ၊ တစ်ဖက်နိုင်ငံနှင့်နီးစပ်သည့်အတွက် ရည်မှန်းချက်ထားရှိပြီးလုပ်ကိုင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်လုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ဆွေးနွေးပြောကြားပြီး ကော်မတီအတွင်း ရေးမှူးက ယခင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ကော်မတီ မှဆုံးဖြတ်ပေးရမည့်ဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းလိုင်စင် လျှောက်ထားခြင်းဆိုင်ရာအမှာစာများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက တိုင်းဒေသကြီး အတွင်း၌ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များ အပေါ်တွင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)