ပျဉ်းမနား ဇူလိုင် ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေး ဆရာ၊ ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) ရေးသားသည့် “အောင်မြင်ခြင်းရဲ့ အုတ်မြစ်” စာအုပ်ပါ အကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။
ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာရေးဆရာ၊ဆရာမများနှင့် စာပေဝါသနာရှင်များက “အောင်မြင်ခြင်းရဲ့အုတ်မြစ်” စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ကိုယ်ပိုင်သဘောထားအမြင်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)က ပြန်လည်ဖြေကြားခဲ့ပြီး စာပေရေးသားရာတွင်လိုအပ်သည့် အခြေခံအကြောင်းတရားများ၊ နည်းလမ်းများနှင့် စာပေအမျိုးအစားများကို အကျယ်တဝင့်ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)