ကျွန်းစု ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပညာ အင်ဂျင်စက်ပြင်သင်တန်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးစိုးရာဇာက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းသန္တာက “နိုင်ငံတော်အစိုးရမှ အလေးအထား အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရန်အတွက် အဆိုပါ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း” ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ဌာနဆိုင်ရာများက smart village ကျေးရွာနှင့်ပတ်သက်သည့် သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးဟောပြောပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သင်တန်းကို ဇူလိုင်လ(၁)ရက်နေ့မှ ဇူလိုင်လ(၃၀)ရက်နေ့အထိ (၁)လကြာ စာတွေ့လက်တွေ့များဖြင့် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ရာ အဆိုပါကျေးရွာအုပ်စုအတွင်းမှ စိတ်ပါဝင်စားသူ(၂၀)ဦး တက်ရောက်သင်ယူလျက်ရှိကြောင်း သိရသည်။
ထက်မြင့်(ကျွန်းစု)