မေတ္တာ ဇူလိုင် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသော အထိမ်းအမှတ်အဖြစ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀နာရီ ၃၀ မိနစ်အချိန်က ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(တာဝန်ပေး)ဒေါ်အေးအေးချိုက အမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသမီးများအကြမ်းဖက်ခံရမှု အမျိုးအစား(၅)မျိုးကိုလည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုဥပမာများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဥပမာများ၊ အမျိုးသမီးများအား ကိုယ်ထိလက်ရောက်ပြင်းပြင်းထန်ထန်ကျူးလွန်းပါက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၂၄- အရ သော်လည်းကောင်း၊ သာမန်ကျူးလွန်မှုဖြစ်လျှင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ -၃၅၄ အရသော်လည်းကောင်းစသည့် ဗဟုသုတရရှိဖွယ်ရာများ၊ အမျိုးသမီးများဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် လိုအပ်သောဥပဒေ၊ နည်းဥပဒေများကို ဆက်လက်ပြဌာန်းပေးလျက်ရှိကြောင်း စသည့်အကြောင်းအရာများအား ဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် မြန်မာအမျိုးသမီးများနေ့ အကြောင်းသိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်ကိုပြသပေးထားရာ စာစောင်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ နောက်ပြောင်သည့်ပုံစံဖြင့်အသားယူခြင်း၊ ခန္ဒာကိုယ်အား ထိတွေ့ကိုင်တွယ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှုများ၊ စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ရုန်းရင်းကြမ်းတမ်းသောစကားဖြင့်ချိုးနှိမ်ဆက်ဆံပါက ရာဇဝတ်မှုဥပဒေများ၊ ရာဇဝတ်မှုမကင်းသော ခြောက်လှန့်မှု၊ ခြိမ်းခြောက်မှုကျူးလွန်ပါက ကျခံရမည့်ပြစ်မှုပြစ်ဒဏ်များစသည့် အကြောင်းအရာများကို ပြသပေးခဲ့ရာ ဆိတ်ကူးအသင်းတော်မှ မူလတန်းနှင့်အလယ်တန်းအဆင့် Sunday School ကလေးငယ်များက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
အေးအေးချို ( မေတ္တာ)